Min Ko Naing

မင်းကိုနိုင်

ထောင်ထဲမှာ နေသည်။

ဒီမှာနေ၊ ဒီမှာအိပ်၊ ဒီမှာထိုင်၊ ဒီမှာလမ်းလျှောက်၊
ဒီမှာသောက်၊ ဒီမှာစား၊ ဒီမှာ ပါ၊ ဒီမှာ ပေါက်။
တိုက်ပြောင်း ထောင်ပြောင်းလာခေါ်လျှင် လိုက်သွားရပြန်သည်။

လူဆိုတာ ကိုယ့်ခန္ဓာကိုယ်နှင့် သူများစိတ်နှင့် နေရတာလောက် ဆင်းရဲတာ မရှိ။
သူများစိတ်ဆိုသည်မှာလည်း သူတော်ကောင်းတို့၏ စိတ်နှင့်နေရသည်မဟုတ်၊
ကိုယ့်ကို နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လိုသူတို့၏ စိတ်နှင့် နေရခြင်းဖြစ်သည်။

ကိုမင်းကိုနိုင်အကြောင်းကို အထူးပြောပြနေစရာ မလိုပါ။
ပြောပြချင်နေသည်က ရုပ်သဏ္ဌာန်အရသာ လူလို့ ခေါ်ပြီး၊
လူတယောက်၏ အဆင့်အတန်းမျိုးနှင့် လုံးဝ မနေရသည့် နေရာမျိုးတွင်
မကြောက်မရွံ့ နေရဲသည့်အကြောင်း ဖြစ်သည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှ
၂၀၀၄ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ ပထမအကြိမ် ထောင်ထဲမှာ (၁၆)နှစ်နီးပါး၊
၂၀၀၆ ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်နေ့အထိ (၄)လနီးပါး၊
၂၀၀၇ သြဂုတ်လ(၁၉)ရက်နေ့ကနေ ဒီနေ့အထိ ထောင်ဒဏ်(၆၅)နှစ်ခွဲ ကျခံပြီး ထောင်ထဲမှာ နေ နေသည်။

ကိုမင်းကိုနိုင်သည် ကျင့်ထုံး ၄၀၁ ကို လက်မှတ်ထိုးပြီး ထွက်ချင်လျှင် ထောင်ကနေ ထွက်လို့ရသည်။
အမှန်တော့ ၄၀၁ ထိုးထွက်ရသည်က နိုင်ငံရေးပါရာဇိက ကျသလိုပင်။
လူမဆန်သည့်နေရာတခုကနေ အညံ့ခံပြီး ထွက်မလာဘဲ မင်းကိုနိုင် ဘာ့ကြောင့် အကြိမ်ကြိမ် အကြာကြီး နေ နေသလဲ။

နိုင်ငံရေးသမားတို့၏ ဂုဏ်သိက္ခာနှင့်အညီ ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာရှင်စနစ်ကို တစမကျန် ဆန့်ကျင်ပြနေခြင်းပင်။

တင်အေး

Hnin May Aung (a.k.a.) Nobel Aye

အနစ်နာခံသူတွေအတွက် အကျဉ်းထောင်

နာမည်လေးက လှပါတယ်၊

မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး … တဲ့၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေး။

ဘ၀က မလှပါ။

ဒီနှစ် အောက်တိုဘာ (၁၀) ရက်နေ့မှာ လူ့သက်တမ်း (၃၇) နှစ်၊ ထောင်သက်တမ်း (၂) ကြိမ်ပေါင်း (၁၀) နှစ်။

မုံရွာထောင်ထဲမှာ မလှပတဲ့ပြက္ခဒိန်တွေ အကြာကြီး ရွေ့နေဦးတော့မယ်။

မနိုဘယ်လ်အေးလေးရဲ့ အဇ္ဈတ္တကို အနီးဆုံး သိခဲ့ရတယ်၊ ထင်သာ မြင်သာ အဖြစ်ဆုံးက

ဆင်းရဲဒုက္ခတွေကြားမှာ သူများအတွက် အနစ်နာခံချင်သည့် စိတ်ဓါတ်ပင်။

သူ့အမေအတွက် အနစ်နာခံတယ်၊ သူ့မိသားစုအတွက် အနစ်နာခံတယ်၊ သူ့ မိတ်ဆွေတွေအတွက် အနစ်နာခံတယ်၊

ပြီးတော့ … ဆင်းရဲဒုက္ခရောက်နေသူအတွက် အနစ်နာခံတယ်။

အခု၊ သူ ချစ်တဲ့ ပြည်သူတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့

၁၂ ပေ ၈ ပေ အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်း ဘယ်လောက်များ အနစ်နာခံနေရဦးမလဲ။

အဲဒီ့အခန်းကျဉ်းကျဉ်းလေးတွေ အများကြီး တိုးတိုးလာနေပြီ၊

မနိုဘယ်လ်အေးတွေလည်း အများကြီး တိုးတိုးရောက်နေပြီ။

သူတို့ရဲ့ ကမ္ဘာမြေဆီ လွတ်လပ်စွာ လမ်းလျှောက်ခွင့်အတွက် ဘာမှ မတတ်နိုင်သေးပါလား …

ကျနော်

ရှက်တယ်။

တင်အေး၊ ၁၇.၁၁.၂၀၁၀

Ni Mo Hlaing

နာဂစ်ဒေသကို ကူညီသူ သရက်ထောင်ထဲက နီမိုလှိုင်
(FREED 12th OCT 2011)

ကျနော်တို့တွေ အင်တာနက်သုံး၊ ရုပ်ရှင်ကြည့်၊ မိတ်ဆွေများနဲ့ စကားပြောနေချိန်မှာ သရက်မြို့ အကျဉ်းထောင်ထဲက မနီမိုလှိုင် တယောက် ဒီအချိန် ဘာတွေ လုပ်နေမလဲ။
အုတ်နံရံ၊ သံတိုင်တွေကြားထဲ ရောက်နေတဲ့ သူ့အတွက်တော့ လုပ်စရာ အများကြီးရှိမယ် မဟုတ်ပါဘူး။

နီမိုလှိုင် ဆိုတာ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ကူညီနေတုန်း ထောင် ၅ နှစ် ချခံရတဲ့ သင်္ကန်းကျွန်းမြို့နယ်က လူငယ် တယောက်ပါ။
၂၀၀၇ ခုနှစ် လောင်စာဆီဈေး ကျဆင်းရေး လမ်းလျှောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူပါ။

“… … ကျနော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ၊ နောက်နောင် ကျနော်တို့လို အခြားအခြားသော ပုဂ္ဂိုလ်များ ထပ်မခံစားရအောင်ကတော့ ဒီနိုင်ငံနဲ့ အစိုးရနဲ့ ဒီ နိုင်ငံရဲ့  အုပ်ချုပ်ပုံ နည်းစနစ်ကြီး ပြောင်းသွားမှ ဖြစ်လိမ့်မယ်” လို့ ပြောခဲ့တဲ့ NLD အဖွဲ့ဝင်ပါ။
ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒီမိုကရေစီ ဘက်တော်သား၂၀၀၀ ကျော်ထဲက တယောက်ပါ။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ။

သူတို့ဆီကို တခါတရံ သွားတွေ့တဲ့ မိသားစုကို တိုက်ရိုက် သွားတွေ့ပြီး အားပေးစကားပြော၊ ထောက်ပံ့ ကူညီမလား။
အကျဉ်းသားများအရေး လုပ်ဆောင်နေသူတွေကတဆင့် ကူညီမလား။
သူတို့ လွတ်မြောက်ရေးအတွက် ကိုယ် ရောက်တဲ့နေရာမှာ လှုံ့ဆော်မလား။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ကြမလဲ။

ကိုဝင်း၊ နိုဝင်ဘာ ၁၄၊ ၂၀၁၀