Win Maw (Shwe Than Zin)

ကျောက်ဖြူထောင်ထဲက ဂီတသမား ကိုဝင်းမော်


၁၉၈၈ မတိုင်ခင်က “Computer Control” အမည်ရှိ တီးဝိုင်းမှာ လိဒ် ဂစ်တာသမား တစ်ယောက် အဖြစ် ရှိနေခဲ့တဲ့သူ။
“ရွှေသံစဉ်” ဂစ်တာဝိုင်းကို ဦးဆောင်ခဲ့သူ။ ၈၈ အရေးတော်ပုံကြီးထဲမှာ အနုပညာသည်အုပ်စုတွေနဲ့ ပါဝင်ခဲ့သူပါ။

၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံတဲ့ သီချင်းတွေ ဆိုတဲ့အတွက် ပုဒ်မ ၅(ည) နဲ့ ထောင်၇ နှစ် ချခံရပါတယ်။
တောင်ငူထောင် နေထိုင်ရစဉ် ဘ၀တူ ရဲဘော်များရဲ့ အချစ်ခင်ရဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။
စိတ်ရှည်တယ်၊ သည်းခံတတ်တယ်၊ ညှာတာတယ်၊ ရပ်တည်ချက်ရှိတယ် ဆိုတာ ကိုဝင်းမော်ရဲ့ အရည်အချင်းတွေပါပဲ။ ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။
ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ။

၂၀၀၂ နိုဝင်ဘာမှာ ထောင်က လွတ်ပါတယ်။ မိသားစုဘ၀ကို ကြိုးစား တည်ဆောက်ရင်း “အလင်္ကာ” ဆိုတဲ့ ဂစ်တာဝိုင်းတခု ပြန်ပြီး ထူထောင်ခဲ့ပါတယ်။
ဖခင်ကြီး၊ ဇနီး၊ သားသမီး ၄ ယောက်ကို တာဝန်ယူ ဦးဆောင်နေသူ ဖြစ်ပေမယ့်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံလို့ မြန်မာပြည်ရဲ့
လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် ဆွေးနွေး၊ အကြံပေးသူပါ။

၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဖြစ်လာချိန်မှာတော့ ကိုဝင်းမော်ဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု၊ ဘာသာတရားအပေါ် စော်ကားမှု၊ လူမဆံမှုတွေကို ဒီမိုကရက်တစ် မြန်မာ့အသံကနေ ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့သူ တဦး ဖြစ်လာပါတယ်။

၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သူ ဖမ်းဆီးခံရ၊ စစ်ကြောရေးကာလတွင်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံရပါတယ်။
ဒီတခါတော့ ထောင် ၁၄ နှစ် ချခံရပါတယ်။ သူ အခု ကျောက်ဖြူထောင်မှာ ရောက်နေပါတယ်။
ဂစ်တာသမား၊ အနုပညာသမားက ဖိနှိပ်မှုကို ဆန့်ကျင်၊ လွတ်လပ်မှုကို အမြဲ လိုလားနေဆဲပါ။

“ကိုဝင်းမော် တယောက် ဖခင်ကြီး၊ ချစ်တဲ့ဇနီး၊ သားသမီးများနဲ့ အမြန်ဆုံး ပြန်လည် ဆုံတွေ့နိုင်ပါစေ။”

သားကြီး (AAPP)

my friend Myo Min Htike

၂၂ နှစ်အရွယ်မှာ ထောင် ၅၉ နှစ် ကျသွားတဲ့ သူငယ်ချင်း

စာဖတ်၊ ဂီတာတီး၊ သီချင်းရေးတာ ၀ါသနာ ပါတဲ့ ကိုမျိုးမင်းထိုက်ဟာ ဒီမိုကရေစီ ရရှိရေးကို ဆောင်ရွက်နေစဉ်မှာပဲ အထိန်းသိမ်းခံနေရပါတယ်။ ၁၉၈၈ အရေးတော်ပုံမှာ သူ ၁၂ နှစ် ရှိပါပြီ။ အဲဒီတုန်းက ရန်ကုန် မြို့မကျောင်း ကျောင်းသားများ သမဂ္ဂမှာ ပါဝင်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀မှာလည်း သမဂ္ဂလှုပ်ရှားမှုတွေနဲ့ မကင်းကွာပါဘူး။

လုပ်ဖော်ကိုင်ဖက်တွေကို ကူညီသူ၊ အများအတွက် စွန့်လွှတ် အနစ်နာခံခဲ့သူပါ။ လူအထင်ကြီးဖို့ ဆိုတဲ့ ရည်ရွယ်ချက် သူ့မှာ မရှိခဲ့ပါဘူး။ သူငယ်ချင်းတွေကို ချစ်တယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ သူယုံကြည်တာကို သူနိုင်သလောက် လုပ်သွားခဲ့တယ်။ လမ်းတ၀က်မှာ လှည့်မပြန်သွားခဲ့ပါဘူး။ လက်နက် မချခဲ့ဘူး။

၁၉၉၈ ခုနှစ်မှာ ဗကသများ အဖွဲ့ချုပ်က တခြား ကျောင်းသားအဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ပြီး ဆန္ဒပြ တောင်းဆိုဖို့ လုပ်တဲ့အခါမှာ ကိုမျိုးမင်းထိုက် ဦးဆောင် ပါဝင်ခဲ့တယ်။ ရန်ကုန်မှာ ဆန္ဒပြကြတယ်။ နောက်တလမှာ သူ အထိန်းသိမ်းခံရပြီး မကြာခင်မှာပဲ သူကိုင်တိုင် တိတိကျကျ မသိရတဲ့ အမှုတွေနဲ့ ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ချခံလိုက်ရတယ်။

အခုဆိုရင် သူ့အသက် ၃၅ နှစ် ရှိသွားပါပြီ။ မြင်းခြံထောင်မှာ ရှိနေပါတယ်။ ကိုမျိုးမင်းထိုက်တို့လို့ အညတရ သူရဲကောင်းတွေကို မမေ့ဖို့ လိုသလို သူတို့ကို ထောက်ပံ့ပေးနေရတဲ့ မိသားစုတွေကိုလည်း ချီးကျူးသင့်ပါတယ်။

သူ့အဖေဟာ သူ နိုင်ငံရေးလုပ်ခဲ့တဲ့၊ ထောင်ကျခံနေတဲ့ ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အများကြီး အားပေးခဲ့ပါတယ်။ ၄၀၁ လို့ ခေါ်တဲ့ ခံဝန်ချက်မှာ လက်မှတ်ထိုးပြီး ထောင်ထဲက ထွက်လာတာမျိုးကိုလည်း သူ့အဖေက မလိုလားပါဘူး။

စိုးအောင်နိုင်