Kachin-Myanmar Brother-Sister ကချင်မြန်မာ၊ ညီအကိုမောင်နှမများဖြစ်သည့်ရာဇဝင်

ကချင်လူမျိုးများကို အောက်မေ့သတိရပါတယ်။ မြန်မာနိုင်ငံထိပ်ဆုံး၊ အမြင့်ဆုံး ခါကာဘိုရာဇီတောင် အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ရေခဲတောင်အရပ်ဒေသ၊ မြန်မာနိုင်ငံရဲ့ အသက်သွေး ဧရာဝတီမြစ်ကြီး စတင်ခဲ့တဲ့ မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းဆုံခဲ့တဲ့ မြစ်ဆုံအရပ်ဒေသ၊ မြစ်ကြီးနားမြို့တော်နဲ့ ၂၁မိုင် ဝေးတဲ့ မြစ်ဆုံဒေသဟာ အလွန်သာယာလှပပြီး၊ မြန်မာပြည်သိန်းတန် သီချင်းတစ်ခု .. ရှုတိုင်းလှ၊ ကိုယ်သတိရ ဂျန်းဖောဌာနေ ..ကဗျာသီချင်းရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ်၄၀ကျော်က မြန်မာစာ အထက်တန်းကဗျာသင်္ခန်းစားမှာ ဂျိန်းဖောမြေ ဆိုတဲ့ ကဗျာကို သင်ကြားခဲ့ပါတယ်။ မီးပုံကြီးပတ်ပတ်ရံ စုံညီလှသလေ..ဒေါင်မရေ ကလိုက်ချည်သေး… ဆိုတဲ့ကဗျာ မြန်မာစာ ကျောင်းသူကျောင်းသားများ ဘာကြောင့်သင်ကြားရပါသလဲ။ ကချင်ပြည်နယ်ရဲ့ လှပ၊ အရေးကြီးလှတဲ့အကြောင်းကို ကျနော်တို့ မြန်မာနိုင်ငံသားအားလုံး ငယ်စဉ်ကလေးငယ် ဘဝကတည်းက သိရှိနားလည်ဖို့ ဖြစ်ပါတယ်။ ကချင်လူမျိုးများမှာ ဂျိန်းဖော၊ လီစူး၊ ရဝမ်၊ အဇီး၊ စသဖြင့် အမျိုးပေါင်းများစွာ သူတို့ဘာသာစကား၊ သူတို့စာပေနဲ့ ရှိကြပါတယ်။ လူဦးရေ အများဆုံး ဂျိန်းဖော တွေကိုပဲ မြန်မာတွေက ကချင်လို့ ထင်ကြပါတယ်။ တကယ်တော့ မြန်မာ လို့ဆိုရင် လူမျိုးပေါင်းများစွာ ရှိသလို၊ ကချင်လို့ ဆိုရင်လဲ လူမျိုးများစွာ ရှိပါတယ်။
.
အဲဒီ ကချင်လူမျိုးများကို တရုပ်ပြည် ယူနန်ပြည်နယ်မှာ လူမျိုးကြီးတစ်ခု အဖြစ် သတ်မှတ်၊ အသိမှတ်ပြု၊ တရုပ်နိုင်ငံသားအဖြစ် ပေးထားပါတယ်။
.
မြန်မာပြည်မှာ ရှိနေတဲ့ ကချင်လူမျိုးများဟာ ဗမာလူမျိုး မြန်မာနိုင်ငံရောက်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော် ကတည်းက တစည်းတစ်လုံး ရှိခဲ့ပြီး၊ တရုပ်များ ကျူးကျော်စစ်ပွဲ တိမ်ကြားမင်းခေါင်နဲ့ ဘကြီးတော်မင်းလက်ထက်မှာ ကချင်ပြည်နယ်၊ မင်းတပ်ခံတပ်ကပဲ နှစ်စဉ်စစ်ပွဲကြီးများကို အောင်နိုင်ခဲ့ပါတယ်။ မြန်မာပြည်ကို သိမ်းပိုက်မဲ့ တရုပ်တွေကို အနိုင်ယူပြီး၊ နောက်ဆုံးစစ်ပွဲမှာ ရန်သူတရုပ်စစ်တပ်ကြီးကို မြန်မာ၊ ကချင်၊ ရှမ်း .. စုပေါင်းတပ်ကြီးက ဝိုင်းရံပြီး၊ ရိက္ခာဖြတ် ထားနိုင်ခဲ့ပါတယ်။ အပြတ်ချေမှုန်းနိုင်ပေမဲ့ နောက်နှစ်ဆို တရုပ်တပ်တွေ လာတိုက်ဦးမှာ ကြိုမြင်တဲ့ စစ်ဗိုလ်ချုပ်ကြီးက ငြိမ်းချမ်းရေး နဲ့ လဲလှယ်ခဲ့ပါတယ်။ တရုပ်မြန်မာ ငြိမ်းချမ်းရေး စာချုပ်ကို ကုန်ဘောင်ခေတ်မှာ စတင်ချုပ်ဆိုခဲ့တာ နှစ်ပေါင်း ၃၀၀ ကျော်ခဲ့ပါပြီ။
.
ရေးချင်တဲ့ အကြောင်းကတော့ ကချင်ပြည်နယ်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကချင်ပြည်နယ်ဟာ အသက်ပဲဖြစ်ပါတယ်။ ကချင် တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေ ဆိုတာ တရားမမျှတမှုကြောင့် ၁၉၆၁ခုနှစ်မှာ ဦးနုအစိုးရလက်ထက် ပေါ်ပေါက်လာတဲ့ ပျောက်ကျား၊ လူမျိုးရေး စစ်တပ်ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၅နှစ်တိုင် သယံဇာတ ပေါများကြွယ်ဝလှတဲ့ ကချင်ပြည်နယ်သားများ ဘိန်းစားဘဝ၊ စစ်မြေပြင်ဘဝ၊ စာမတတ်တဲ့ ဘဝကို ရောက်ခဲ့ပါတယ်။ အခု သမ္မတဦးသိန်းစိန်လက်ထက်မှာ မြစ်ဆုံစီမံကိန်း ရေအားလျှပ်စစ်ကို ရပ်ဆိုင်းပြီး၊ ငြိမ်းချမ်းရေး လုပ်သလိုနဲ့ ၃နှစ်ကျော် ကိုယ့်တိုင်းရင်းသာ ကချင်လူမျိုးများကို အပြတ်တိုက်ခဲ့ပါတယ်။ ကေအိုင်အေ မြို့တော် လိုင်ဇာမြို့၊ ကျဆုံးရင်လဲ ကချင်လက်နက်ကိုင်များက ပျောက်ကျားစစ်နဲ့ သူတို့ကိုးကွယ်တဲ့ ယေရှုခရစ်တော်ဘုရားကို တိုင်တည်ပြီး၊ သေသည့်တိုင်အောင် ခုခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
.
အခုတော့ မြန်မာစစ်တပ် ကချင်ပြည်နယ်မှာ သံယံဇာတအုပ်စီးရေးအတွက် နေရာယူထားပြီး၊ ကချင်လူမျိုးများကို တိုက်ခိုက်မှု ရပ်ဆိုင်းခဲ့ပါပြီး၊ ကိုးကန့်ဘက်ကို စစ်ဦးလှည့်သွားပြီး၊ ၄သောင်းလောက် အင်အားရှိတဲ့ ဝ လူမျိုးစစ်တပ်ကြီးက စောင့်ကြည့်နေပါတယ်။ စစ်သား ၅ထောင်လောက် ရှိတဲ့ ကချင်တိုင်းရင်းသား စစ်တပ်ကို အနှစ်၅၀ တိုက်လဲမရ၊ ၃နှစ် အင်အားကြီးစွာတိုက်လဲ မရ ဆိုတာ ဗမာစစ်တပ်ကြီး နားလည်သင့်ပါတယ်။ အောက်မြန်မာပြည်မှာတော့ ကရင်၊ မွန် လက်နက်ကိုင်တိုင်းရင်းသား စစ်တပ်များနဲ့ ငြိမ်းချမ်းရေး၊ လူမျိုးရေးအခွင့်၊ သယံဇာတခွဲဝေရေး သဘောတူသလို ရှိနေခြင်းဟာ အမေရိကန်နဲ့ထိုင်းနိုင်ငံများရဲ့ အားပေးမှုကြောင့်လို့ ပြောနိုင်ပါတယ်။ အထက်မြန်မာပြည်မှာတော့ တရုပ်ပြည်ကြီးက စီးပွားရေးနဲ့ကချင်ပြည်ကို အုပ်စီးထားပါတယ်။ မြစ်ဆုံ၊ ရွှေဓါတ်ငွေပိုက်လိုင်းနဲ့ အကြံကြီး ကြံနေတာကို မြန်မာတိုင်းရင်းသားများ ညီညွတ်မှုနဲ့ ကာကွယ်နိုင်ရပါမယ်။
.
မြန်မာလူမျိုးများကို ကာကွယ်၊ တိုးတက်ကြီးပွားဖို့ ကမ္ဘာ့အဆင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ ထောက်ခံ လုပ်ပိုင်ခွင့် ပေးဖို့ပဲ လိုပါတယ်။
.
စစ်တပ်အင်အားနဲ့ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ နလဗိန်းတုံး အကြံဖြစ်ပါတယ်။ စစ်တပ်ဆိုတာ အင်္ဂလိပ်လို Defense လို့ခေါ်ပါတယ်။ မြန်မာလိုတော့ ကာကွယ်ရေး (တိုင်းတစ်ပါးရန်ကာကွယ်ရေး) ဖြစ်ပါတယ်။ ဒါကြောင့် Defense Ministry ကာကွယ်ရေး ဝန်ကြီးဌာန လို့ ခေါ်ဝေါ်ပါတယ်။
.
ဘာကြောင့် တိုက်ခိုက်ရေးဝန်ကြီးဌာန ဖြစ်နေပါသလဲ။
.
ဒီကနေ့ 26-Apr-2015 ဟာ တနင်္ဂနွေနေ့ပါ။ ကချင်လူမျိုးများ ၉၀%ကျော်ဟာ ခရစ်ယာန်များဖြစ်ပြီး၊ ယေရှုကို ဘုရား၊ ဘုရားသားအဖြစ် ကိုးကွယ်ဝပ်ပြုကြပါတယ်။
.
မိတ်ဆွေတစ်ဦးက စင်ကာပူမှာ မြန်မာအိမ်အကူတွေ ၃သောင်းကျော် ရှိနေကြတယ်။ ကချင် မိန်းကလေးတစ်ဦးက Jurong ဆိုတဲ့ အရပ်ဒေသမှာ ကုလား (ဘင်္ဂလားဒေ့ခ်ျ၊ အိန္နိယ၊ သီရိလင်္ကာ ..) နိုင်ငံသား အလုပ်သမားများနဲ့ မြန်မာအိမ်ဖေါ်မတွေကို ပွဲစား၊ အောင်သွယ်လုပ်ပေးနေတယ်။ ကုလား တွေဆီက ပိုက်ဆံယူတယ်။ ပြီးတော့ ချိန်ဆက်မိပြီး၊ တနင်္ဂနွေ အားလပ်ရက်ထွက်ရင် မြန်မာအိမ်အကူ မိန်းကလေးနဲ့ ကုလား အတွဲခုတ် ရှောက်လည်၊ ပျော်ပါးကြတာကို ကြည့်မရဖြစ်နေတယ်။ မြန်မာနိုင်ငံသား အချင်းချင်းကို ဒါမျိုးပွဲစားကို မြန်မာများ အုပ်စုနဲ့ဖမ်းပြီး ပညာပေး၊ ဆုံးမသင့်ကြောင်း ဆွေးနွေးမိပါတယ်။ .. စင်ကာပူဟာ မြန်မာပြည်က လက်ပတ်နီဝတ် ဒီပဲယင်းလုပ်ရပ်လို အကြမ်းဖက်ဆုံးမလို့ မရကြောင်း၊ လုပ်ရင်လဲ စင်ကာပူရဲအဖွဲ့က အကြမ်းဖက်တဲ့အုပ်စုကို ဖမ်းမယ်၊ အဲဒီ ကချင်မိန်းမကလည်း အော်မှာပေါ့။ ဒီတော့ ဘယ်လိုလုပ်မလဲ၊ ပြေးရင်လဲ အနားကလူတွေက ဓါတ်ပုံရိုက်ထားရင် စင်ကာပူမှာ အကြမ်းဖက်သမားမြန်မာ ပြေးမလွတ်ပဲ၊ မြန်မာပြည်မှာပဲ လွတ်တယ်။
.
ပြီးတော့ ဒီ ကချင်မိန်းကလေးက တကယ်ပဲ ဒါမျိုး ယုတ်ညံ့တဲ့ အလုပ်လုပ်တယ် သေချာသလား။ ဒီမိန်းကလေး ဒီဘဝရောက်နေတာ ဆန်းစစ်ရင် ယုတ်ညံ့တဲံ အုပ်ချုပ်သူ စစ်အစိုးရကြောင့် တရားခံရှာရမှာပဲ။ ဒီ စစ်အစိုးရ မတရားအုပ်ချုပ်မှုကြောင့် မြန်မာ အေးဂျင့်ယုတ်မာသူတွေ အများကြီးပေါ်လာပြီး လခမရပဲ ၇လ လောက်အခမဲ့ လုပ်ပေးတဲ့ အိမ်အကူ ပွဲစားများ ပေါ်လာတယ်။ ဒေါ်လာ ၄၀၀၀ လောက်ပေးရတဲ့ W.P, S-Pass ပွဲစားများ ပေါ်လာတယ်။ ဒီအကျင့်ဆိုးတွေ ပျောက်ဖို့ ဆိုတာ လိုက်ဖမ်းနေရုံနဲ့မရပါဘူး။ မြန်မာနိုင်ငံက စစ်ဗိုလ်ဟောင်း များရဲ့ အကြမ်းဖက်နည်းတွေ ကျနော်၊ ကျမတို့ စိတ်ထဲ ကိန်းအောင်းနေပါတယ်။
.
နောက်ဆုံးတော့ ကချင်ပြည်နယ်ကို အမြဲသတိရစေလိုပါတယ်။ ၂၀၁၅ နှစ်ဦးပိုင်းမှာ ကချင် လုပ်အားပေး၊ ကျောင်းဆရာမနှစ်ဦး မုဒိမ်းကျင့်၊ သတ်ဖြတ်ခံရပါတယ်။ မြန်မာစစ်တပ်ကလည်း တရားဝင် ငြင်းဆိုထားပါတယ်။ ဒါမျိုးတွေ အရင်တုန်းက လူမသိ၊ ပျောက်ဆုံးသွားခဲ့ပါတယ်။ စာရေးသူ ငယ်စဉ်က မုံရွာမြို့မှာ ၁၀တန်းဖြေပြီး၊ ကျောင်းပိတ်ရက်မှာ ကချင်ပြည်နယ် အဖိုးအဖွား ရပ်ရွာ မိုးကောင်း၊ မရမ်းကျေးရွာမှ ငါးဖမ်း၊ တောင်ယာလုပ်၊ တောတောင်ရှင်း၊ မီးရှို့၊ စပါးစိုက် လုပ်ခဲ့ပါတယ်။ ညပိုင်းမှာ ဗမာစစ်တပ် ကင်းလှည့်အဖွဲ့ရောက်လာပြီး၊ အိမ်ပေါ်မှာ စားရေးသူကို မျက်နှာ ဂျီသရီးသေနပ်နဲ့ ချိန်ပြီး၊ မင်း ကေအိုင်အေ ဖြစ်ရမယ်လို့ မိနစ်၂၀လောက် ရစ်ပါတယ်။ ပြန်ဆင်းသွားချိန်မှာ အဖွားက အိမ်အောက်မှာ ကြက်ဖမ်းယူသွားကြပြီ လို့ပြောပါတယ်။ စာရေးသူခမြာ ထူပူပြီး၊ အသေသတ်ခံရမလား စိုးရိမ်နေချိန် အိမ်အောက်က ကြက်ဖမ်းနေသံကို မကြားလိုက်ပါဘူး။
.
ခဏနေတော့ နောက်တပ် စစ်သားတစ်ဦးတက်လာပြီး၊ အဒေါ်ရေ၊ ကျနော့် ဆရာ၊ တပ်စိတ်မှုး မူပြီးရမ်းမိတာပါ။ တောင်းပန်ပါတယ်..လို့ တရိုတသေနဲ့ ပြောသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေနပ်ရတာပေါ့လေ။ လွန်ခဲ့တဲ့ အနှစ်၃၀ကြာခဲ့ပါပြီ၊ ၁၉၈၀ အဖြစ်အပျက်ပါ။
.
ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးများအကြောင်း အနည်းငယ်ရေးလိုက်ပါတယ်။ အားလုံး ရွှင်လန်းဝမ်းမြောက်ပါစေ။