သပိတ်မှောက် အလုပ်သမားတွေ နေပြည်တော်ကို ဆက်လက်ချီတက်

စစ်ကိုင်းက Myanmar Veneer သစ်ပါးလွှာစက်ရုံအလုပ်သမားတွေက သူတို့တောင်းဆိုချက်တွေ မရတဲ့အတွက် ဒီနေ့မနက်မှာ ဝမ်းတွင်းမြို့ကနေ နေပြည်တော်ကို ဆက်ပြီး သပိတ်မှောက် ချီတက်နေကြပါတယ်။

သူတို့တောင်းဆိုချက်တွေကို အပြည့်အဝ ဆောင်ရွက်ပေးတာမရှိဘဲ အလုပ်သမား ၅၆ ယောက်ကို ဝေးလံတဲ့နေ ရာတွေက စက်ရုံတွေမှာ အလုပ်သစ်ရဖို့အတွက်ပဲ ဆောင်ရွက်ပေးတဲ့အတွက် အခုလို ဆက်ပြီးချီတက်ဖို့ ဆုံးဖြတ်ကြတာလို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုခိုင်မင်း က ပြောပါတယ်။

"ကျနော်တို့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက်ကြောင့် အခုလိုလမ်းလျှောက်ချီတက်လာရခြင်းဖြစ်တယ်၊ သူတို့လာရောက်ပြောကြားတာတွေဟာ တောင်းဆိုချက်တွေကို စီစဉ်ဆောင်ရွက်ပေးထားတာတွေလည်း တလွဲစီဖြစ်နေတာပေါ့နော်၊ အဲ့လိုမျိုးတောင်းဆိုချက်တွေကို သူတို့ဘက် ကနေ ဖြေရှင်းပေးတာမျိုး မလုပ်ပေးဘူးဆိုရင်တော့ ကျနော်တို့ ရည်ရွယ်ချက်အတိုင်းပဲ နိုင်ငံတော်သမ္မတကြီးဆီ တင်ပြဖို့အတွက် ဆက်ပြီးတော့ချီတက်မှာပါပဲ"

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းကတော့ သူတို့အစိုးရပိုင်းအနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးခွင့်သာရှိသလို၊ အလုပ်သမားတွေတောင်းဆိုတဲ့ သမဂ္ဂဝင်တွေကိုဖြိုခွဲလို့ အရေးယူဖို့ဆိုတာကိုတော့ အချိန်ယူပြီး စုံစမ်းစစ်ဆေးရဦးမယ်လို့ ပြောပါတယ်။

စက်ရုံကြီးကြပ်ရေးမှူးတစ်ဦးဖြစ်တဲ့ မစ္စတာရှန် ဆိုသူကတော့ သူအိန္ဒိယနိုင်ငံကိုပြန်သွားတာ တစ်လခွဲလောက်ရှိပြီး ဒီနေ့မှရန်ကုန်ကို ပြန်ရောက်တဲ့အတွက် ဒီပြဿနာနဲ့ ပတ်သက်လို့ တစုံတရာပြောဆိုဖို့မရှိသလို၊ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာမယ်လို့ အရင်ကတည်းက ဆုံးဖြတ်ထားတဲ့အတွက် အဲဒီဆုံးဖြတ်ချက်အတိုင်း သာ ဆောင်ရွက်ဖို့ရှိတယ်လို့ RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိကောင်စီကတော့ အလုပ်ထုတ်ခံရတဲ့ သူတွေကို လျော်ကြေးပေးဖို့သာ မေလ ၃ ရက်နေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုခိုင်မင်း၊ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းနဲ့ စက်ရုံအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာရှန်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

via သတင်းများ http://ift.tt/1rJ8PAD http://www.rfa.org

Leave a Reply