အရေးပေါ် ကြေညာရလောက်တဲ့ အဆင့်မဟုတ်ဘူး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး (ဓာတ်ပုံ-ဧရာဝတီ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး (ဓာတ်ပုံ-ဧရာဝတီ)

ယခုလထဲတွင် ဧရာဝတီမြစ်ကြောင်းတလျှောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ အစိုးရ၏ စီမံဆောင်ရွက်မှု အခြေ အနေများ၊ ကူညီ ကယ်ဆယ်မှုများနှင့် ရေဘေးသင့်သူများ အနေဖြင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို သိရှိ နိုင်ရန် အစိုးရလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး နှင့် ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က သြဂုတ်လ ၂ ရက်နေ့တွင် ဆက်သွယ်မေးမြန်ထားပါသည်။

မေး။  ။ ၀န်ကြီး အခု ဘယ်ရောက်နေပါသလဲ။ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေပါသလဲ။

ဖြေ။  ။ ကျနော် အခု မကွေးမြို့ကို ရောက်နေပါတယ်။ ဒီကို မနက်အစောကြီး ၅ နာရီခွဲလောက်က ထွက်လာတယ်။ မကွေးကနေပြီးတော့ မင်းဘူးပေါ့နော်။ ပြီးတော့ ပွင့်ဖြူ၊ ပွင့်ဖြူပြီးတော့ အခု ပြန်လာပြီ။ အခု အပြန်လမ်းပေါ်မှာ။

ဆိုတော့ ကျနော်တို့ တွေ့ခဲ့တာတွေကတော့ အဓိကကတော့ ဧရာဝတီမြစ်တလျှောက်မှာ ရေလျှံနေတာ ရှိတယ်။ မင်းဘူး ဒေသ မှာတော့ တော်တော်လေး ရေလျှံနေတယ်။ တချို့နေရာတွေ ရွာတွေကို ပြောင်းရွှေ့ရတယ်။ တာလမ်းမတွေပေါ်မှာ အိမ်တွေကို ရွှေ့ထားရတာ ရှိတယ်။ တိရစ္ဆာန်တွေကို ရွှေ့ထားရတာ ရှိတယ်။ ဒါတွေ ကျနော်တို့ တွေ့တယ်ပေါ့နော်။ ကျန်တဲ့ ဘုန်းကြီးကျောင်းတွေ ကုန်းမြင့်တဲ့နေရာတွေကို ရွှေ့ထားတာလည်း ကျနော်တို့ တွေ့တယ်။ အဲဒီ နေရာတွေမှာ လိုက်ပြီးတော့ လှူဒါန်းတာတွေ လုပ်တယ်။ နောက်ပြီးတော့ လူထုနဲ့ လိုက်တွေ့တယ်။ အားပေးစကား ပြောတယ်။

ဒါပေမယ့် ရေကတော့ အဲဒီဘက်မှာ နည်းကနည်းလေး ထပ်ပြီး တက်ဦးမယ့် သဘောရှိတော့ တချို့မူလရွှေ့ပြီးသား နေရာ ကနေ ပြီးတော့ ဒီထက်မြင့်တဲ့နေရာကို ရွှေ့နိုင်ဖို့ အစီအစဉ်တွေ လုပ်နေတယ်။ အခု စလုပ်နေပြီ။ အခြေအနေကတော့ အဲဒါ ပါပဲ။ ဆိုလိုတာကတော့ နောက် ၂ ရက်အတွင်းမှာ ရေက ထပ်တက်နေဦးမယ့် သဘောရှိနေတယ်။ ကျနော်တို့က ပိုစိတ်ချအောင်ဆိုပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးချုပ်လည်း ပါတယ်။ နယ်/လုံဝန်ကြီးတွေနဲ့ အကုန်လုံး တိုင်ပင်ပြီးတော့ ပိုစိတ်ချရတဲ့နေရာကို ရွှေ့ဖို့ အစီအစဉ်တွေ လုပ်နေတယ်။

ဒါပေမယ့် အကုန်လုံး ဖြစ်နေတာတော့ မဟုတ်ဘူးနော်။ ဧရာဝတီ မြစ်ကမ်းတလျှောက်ပဲ ဖြစ်တာ။ အတွင်းပိုင်းမှာ ဘာမှ မဖြစ်ဘူး။ အတွင်း ပိုင်းမြို့တွေမှာလည်း အေးအေးဆေးဆေးပဲ။ ဘယ်နေရာမှ နစ်တာမရှိဘူး။ တချို့ရပ်ကွက်တွေ ပါသွား တယ်။ တမြို့လုံးကြီး၊ တနယ်လုံးကြီး နစ်နေတာ မဟုတ်ဘူး။ အစိတ်အပိုင်းတခုပဲ ဖြစ်နေတာပါ။

ဖြစ်တဲ့နေရာကို ကြည့်လိုက်ရင်တော့ facebook မှာပဲ ဖြစ်ဖြစ်၊ မီဒီယာမှာပဲ ဖြစ်ဖြစ် အရမ်းကို အကြီးအကျယ်ကြီးကို ဖြစ် နေတာ။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့သဘော မဟုတ်တဲ့အတွက် အရေးပေါ်အခြေအနေ မကြေညာ သေးတာပါ။

အရေးပေါ် ကြေညာရလောက်တဲ့ အဆင့်မဟုတ်ဘူး။ အပိုင်းလိုက် အပိုင်းလိုက်လေးတွေ ဖြစ်တာ။ ဖြစ်တဲ့နေရာကို အခု နိုင်နိုင်နင်းနင်း လုပ်နေတယ်။ တခုရှိတာက ဒီရေတွေက ၂ ရက်၊ ၃ ရက်နေလို့ ပြန်ကျရင် အောက်ဘက်ကို ရောက်လာ မယ်။ ပြည်တို့ ပန်းတောင်းတို့ တဖြည်းဖြည်း အောက်ဘက်ကို ဆင်းသွားမယ်။

အဲဒါတွေအတွက်ကို ဒါတွေကတော့ ကာကွယ်လို့ကို မရတော့တဲ့ ကိစ္စတွေ ဖြစ်တယ်။ အဲဒါကြောင့် တခုပဲ ကာကွယ်လို့ ရတာက ကြိုတင်ပြီးတော့ ရွှေ့ပြောင်းထားတာတို့ လူတွေ တိရစ္ဆာန်တွေ အသက်အန္တရာယ် မရှိအောင် ကြိုးပမ်းအားထုတ် နေရတယ်။ ကြိုတင်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးတွေပဲ လုပ်ရတယ်။ ရေမကြီးအောင်တော့ လုပ်လို့မရဘူး။

မေး။  ။ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဘတ်ဂျက်ရော လုံလုံလောက်လောက် ရှိပါရဲ့လား။

ဖြေ။  ။ အခု ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက်တော့ ဘတ်ဂျက်က လုံလောက်ပါတယ်။ သဘာဝဘေး ကြိုတင် ကာကွယ်ရေး ရန်ပုံငွေ ဆိုတာလည်း ရှိတယ်။ အဲဒီဘတ်ဂျက်ရှိလို့ လုံလောက်ပါတယ်။ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိတဲ့အတွက် တချို့လူမှုအဖွဲ့အစည်းတွေလည်း ပါလာကြပြီ။ တချို့ကလည်း ပါမလာကြသေးဘူး။ လတ်တလော အားဖြင့်တော့ အကြီးကြီး မဖြစ်သေးတာလည်း ပါမှာပေါ့နော်။

မေး။  ။ ဘယ်နေရာတွေက အဆိုးဆုံးလို့ ပြောလို့ရမလဲ။

ဖြေ။  ။ ဘယ်နေရာ အဆိုးဆုံးလဲဆိုတာ ပိုသေချာအောင်လို့ ကျနော်တို့ ၀န်ကြီးဌာန facebook၊ ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ် မှာရော မြေပုံ တင်ပေးထားပါတယ်။ ကျနော်တို့ဆီမှာ Emergency Response Centre ဆိုတာ ရှိတယ်။ အဲဒီ စင်တာကနေ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး တော့ Mapping လုပ်ထားတာ ရှိတယ်။ အဲဒီမြေပုံကို ကြည့်လိုက်လို့ရှိရင် ပိုထင်ရှားလာပါလိမ့် မယ်။ မြစ်ကမ်းတလျှောက်ပါပဲ။ အခု အထိခိုက်ဆုံးကတော့ မကွေးနဲ့ မင်းဘူးပဲ။

မေး။  ။ အခု ဖြစ်ပျက်နေတာတွေ အတွက် ရေတို၊ ရေရှည် စီမံကိန်းတွေက ဘာတွေများ ဖြစ်မလဲ။

ဖြေ။  ။ ရေရှည် စီမံကိန်းလို့ ပြောရင် ဒါတွေ ဘာကြောင့်ဖြစ်လဲဆိုတာ ပြန်စဉ်းစားရင်တော့ အကုန်လုံးက ထင်ရှားတာပဲ လေ။ အရင်တုန်းက သစ်တောတွေ ပြုန်းတီးခဲ့တယ်။ သယံဇာတတွေ တူးဖော်ခဲ့တဲ့ ကိစ္စတွေလည်း ရှိခဲ့တယ်။ ဒါတွေ အကုန်လုံး က ဆက်စပ်သွားတာပေါ့။ နောက်ပြီးတော့ မြစ်ကြောင်းတွေ ကောလာတယ်။ ရေကြီးရေလျှံမှုတွေ ဖြစ်တယ်။ မြစ်လက်တက်တွေ ပိတ်တယ်။ ဒါတွေကတော့ ရေရှည်လုပ်ရမယ့် ဟာတွေပါ။ အခုလည်း စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနက ရေရှည်အနေနဲ့ မြစ်ကြောင်းဖြိုးတို့က သူတို့စီမံချက်ချပြီးတော့ လုပ်မယ့်နေရာတွေ ရှိတယ်။ တချို့နေရာ တွေမှာ လုပ်တယ်။

အခု ပဲခူးတိုင်းဆိုရင် တူးဖော်ထားတဲ့အတွက် အရင်နှစ်ကထက်စာရင် ရေလျှံတာ သက်သာတယ်။ တကယ်တမ်း အပေါ်က ရေတွေ ဆင်းလာရင်တော့ မိုးလည်း ကြီးနေဦးမယ် ဆိုရင်တော့ ဖြစ်တော့ဖြစ်ဦးမှာပေါ့။ ရေရှည်နည်းကတော့ သစ်တော တွေကို ပြန်ပြီးတော့ ပြုစုပျိုးထောင်တာတို့ မြစ်ကြောင်းတွေကို ပြန်ပြီးတော့ တူးဖော်တာတို့ ခိုင်ခံ့အောင်လုပ်တာတို့ ဒါတွေပဲ။ ဒါပဲ လုပ်လို့ရမယ်။ အဲဒါကိုလည်း ကျနော်တို့ လုပ်မယ်။ ရေရှည်အတွက် လုပ်မယ်။ လတ်တလောကတော့ လိုက် ကယ်ရမယ်။ ဒါပဲ။

နောက်ပြီးတော့ သဘာဝဘေး စီမံခန့်ခွဲမှု ဗဟိုကော်မတီကို ဒုသမ္မတ၂ က ဦးဆောင်တယ်။ အဲဒီ ဗဟိုကော်မတီ အစည်း အဝေး ကိုလည်း လာမယ့် ၅ ရက်နေ့ကျရင် တနိုင်ငံလုံး ၀န်ကြီးချုပ်များနဲ့ ကျနော်က ဒုဥက္ကဋ္ဌ အနေနဲ့ ပါတယ်။ ဥက္ကဋ္ဌ က ဦးဆောင်ပြီးတော့ တနိုင်ငံလုံးက ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးဌာနလည်း အကုန်ပါတယ်။ အားလုံး စည်းဝေးပြီးတော့ စီမံချက် တွေ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ၊ နောက် အကောင်အထည်ဖော်မယ့် ကိစ္စတွေကို နောက်ရက်တွေကျရင် ဆွေးနွေးကြမယ်။

မေး။  ။ အခု ရေဘေးသင့်ပြည်သူတွေကို ၀န်ကြီးအနေနဲ့ ဘယ်လို Message(သိစေချင်တာ) မျိုး ပေးချင်ပါသလဲ။

ဖြေ။  ။ ပြည်သူလူထုကို ပြောချင်တာက သတင်းတွေက ဘယ်လို ဖြစ်နေလဲဆိုတော့ ဟိုတနှစ်က ဓာတ်ပုံတွေနဲ့ စာတွေနဲ့ ကို ပြန်တင်တယ်။ ပြန်တင်တော့ အခုပဲဖြစ်နေသလိုလို အရေးပေါ်အခြေအနေ မကြေညာသေးဘူးလားပေါ့။ ဘယ်လောက် အထိအောင် ဘယ်လိုဖြစ် နေပြီဆိုတာမျိုးလုပ်တော့ သတင်းတွေကို သေချာစိစစ်ပြီးမှ ယုံစေချင်တယ်။ မြန်မာ့အသံက ထုတ်လွှင့်တာရယ်၊ မိုး/ဇလက ကြေညာတာ ရယ်နဲ့ ကျနော်တို့ ၀န်ကြီးဌာနက ထုတ်ပြန်တာတွေကိုပဲ သေချာမပြတ် စောင့်ကြည့်ပါလို့။

သတင်းအမှားတွေနဲ့ facebook မှာလို ထင်ယောင်ထင်မှားဖြစ်အောင် တင်တာတွေ ရှိတယ်။ မိုးလေ၀သ ပညာရှင်ကြီးတွေ ရဲ့ သိပ်တော်တဲ့ ခန့်မှန်းချက်တွေ ရှိတယ်။ ဒါပေမယ့် မနှစ်ကဟာတွေ။ အဲဒါကို စာအပိုဒ်လိုက် ပြန်တင်ပြီးတော့ ဒီနှစ် ဖြစ် သယောင်ယောင် လုပ်ကြတယ်။ သတင်းမှန်တွေကို သေချာနားထောင်ဖို့ လိုပါတယ်ဆိုတာကို ပြည်သူကို ပြောချင်တယ်။

နောက်တခုက ဘာအကြောင်းပဲ ရှိရှိ ကျနော်တို့ Hot Line ရှိတယ်။ တိုက်ရိုက်ဆက်သွယ်လို့ ရတယ်။ ၀၆၇- ၄၀၄၆၆၆၊ ၀၆၇ – ၄၀၄၇၇၇ ကို ဆက်သွယ်မေးမြန်းပါ။ သတင်းလည်း ပို့ပါ။ အကြံဉာဏ်လည်း တောင်းပါလို့ ပြောချင်တယ်။ ၂၄ နာရီ ဆက်သွယ်လို့ရတယ်။
နောက်တခုက KoBo Application ဆိုတာ သွင်းထားတာ ရှိတယ်။ အန်းဒရိုက်ဖုန်းတွေမှာ သွင်းလို့ရတယ်။ ဒါကိုလည်း ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ မကြာခင် တင်မယ်။ တင်ပြီး ဒေါင်းပြီးတော့ အန်းဒရိုက်ဖုန်းထဲမှာ ထည့်ထားလိုက်ရင် ကိုယ် ခံစား နေရတဲ့ ဘယ်နေရာမှာ ဘာဖြစ်နေပြီဆိုတာကို ရိုက်ထည့်လိုက်ရင် ကျနော်တို့ဝန်ကြီးဌာနကို ရောက်လာမယ်။ အခုလည်း သုံးကြည့်လို့ ရနေပါပြီ။  ။

The post အရေးပေါ် ကြေညာရလောက်တဲ့ အဆင့်မဟုတ်ဘူး appeared first on ဧရာဝတီ.

from ဧရာဝတီ http://ift.tt/2aw2RNC
via IFTTT

Leave a Reply