KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့က မူဆယ်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့် စခန်းငယ်တစ်ခုနှင့် လုံခြုံရေးစခန်းများအား အလစ်အငိုက်တိုက်ခိုက်

နေပြည်တော် မတ် ၎
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး လုံခြုံရေးအတွက် တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ ဝင်များပူးပေါင်း အခြေပြုလျက်ရှိသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပန်လော့စခန်းကို ယနေ့ နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ဦးခန့်က စခန်း၏ အရှေ့တောင်ဘက်နှင့် တောင်ဘက်မှနေ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက် ခဲ့ရာ တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ကွတ်ခိုင်မြို့အနီးလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းက အဆိုပါစခန်းသို့ သွားရောက် ပူးပေါင်းတိုက်ခိုက်ရာ KIA/TNLA လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
တစ်ချိန်တည်းတွင် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရင်ကွဲတောင်စခန်းနှင့် နမ့်ခိုင်တံတား လုံခြုံရေးစခန်းတို့အား KIA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ အင်အား ၁၅ ဦးစီခန့်က လက်နက်ကြီး/ လက်နက်ငယ် များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်နက် ကိုင် အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူခဲ့ရပြီး လက်နက်ငယ်တစ်ချို့နှင့် ဆက်စပ်ပစ္စည်းများဆုံးရှုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် နမ့်ခိုင် တံတားလုံခြုံရေးစခန်းသို့ KIA/TNLA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စခန်းပေါ်သို့ ကျရောက် ပေါက်ကွဲခြင်းမရှိဘဲ တံတားမြောက်ဘက်ရှိ Oriental Highway Co.Ltd မှ အလုပ်သမားများ နေထိုင်လျက် ရှိသည့် တဲပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
KIA/TNLA လက်နက်ကိုင်အဖွဲ့များသည် အများပြည်သူ အသုံးပြုလျက်ရှိသော ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့် စခန်းအား ယခုကဲ့သို့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းသည် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် များစွာထိခိုက်စေသဖြင့် တပ်မတော် စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

via Myanmar Info Minst http://ift.tt/2mDBnNo http://ift.tt/1KnLGaX

Leave a Reply