မြန်မာစစ်တပ် သြဇာကြီးမားနေကြောင်း အမေရိကန်စစ်သံမှုးဟောင်း၏ ဆောင်းပါး


ပြုပြင်ပြောင်းလဲရေး ဆက်လက် ဖေါ်ဆောင်ရန် တပ်မတော်က အဓိက သော့ချက် ဖြစ်နေဟု အမေရိကန် စစ်သံမှုးဟောင်း ပြော
===================
(ယခုဖေါ်ပြမည့် ဆောင်းပါး ကို မြန်မာနိုင်ငံတွင် စစ်သံမှုး အဖြစ် ၂၀၁၂-၁၅ တာဝန်ထမ်းဆောင်သွားသူ အမေရိကန် ကြည်းတပ်မှ ဗိုလ်မှုးကြီး ၀ီလျံ စီ ဒစ်ကီး နှင့် မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ ပစိတ်ဖိတ် ဖိုရမ် မှ ဦးနေရန်ဦး တို့ ပူးတွဲ ရေးသားထားမှုကို Nikkei Asian Review တွင် "Myanmar military holds key to further reform" ခေါင်းစဉ် ဖြင့် ဖေါ်ပြထားခြင်း ဖြစ်သည်)
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်စွာ ဖြစ်ထွန်းရေး အတွက် ရင်ဆိုင်ရမည် များပြားလှစွာသော စိမ်ခေါ်မှုများထဲတွင် ခိုင်မာသော နိုင်ငံတော် အဖွဲ့အစည်းများ ပေါ်ထွန်းရေး၊ စီးပွားရေးကို အသွင်ပြောင်းလဲ ပြစ်ရေး၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး တို့ ပါဝင်နေပေသည်။ ပြုပြင် ပြောင်းလဲရေး များ ရှေ့ရှောက် ပြုလုပ်ရာ လမ်းတွင် ကြီးမားလှသော အခက်အခဲ တရပ် အဖြစ် ရှိနေသည့် တပ်မတော်၏ အခန်းကဏ္ဍ နှင့် ယှဉ်လျင် အဆိုပါ တာဝန်ကြီးများက မပြောပလောက်သည့် အနေအထားကို ရောက်ရှိသွားခဲ့ရပေသည်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် သြဇာ အာဏာ အရှိဆုံး အဖွဲ့အစည်းတခု အဖြစ် တည်ရှိနေသည်။ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြသောကြောင့်လည်း နိုင်ငံရေး နှင့် စီးပွားရေးတို့တွင် ခြေကုပ်ရယူထားပြီး ဖြစ်နေပေသည်။ ပါလီမန် တွင် နေရာများ ရယူထားခြင်း၊ ၀န်ကြီးဌာန သုံးခုကို ထိမ်းချုပ်ထားခြင်း၊ ကာကွယ်ရေး ဦးစီးချုပ်အား မည်သူကမျှ ထိမ်းချုပ်နိုင်ခွင့် မရှိခြင်း၊ အရေးပေါ် အခြေအနေတွင် နိုင်ငံ အာဏာကို လွှဲပြောင်းရယူနိုင်ခြင်း အစရှိသည်တို့ ပါဝင်နေသည်။
တပ်မတော်အနေဖြင့် နိုင်ငံရေးတွင်မပါဝင်ပဲ အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိပြီး နိုင်ငံတကာ စံနှုန်း များကို လေးစားလိုက်နာသော အဖွှဲအစည်း တရပ် ဖြစ်လာရေးသည် နိုင်ငံတွင်း ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်မှုတွင် အရေးပါသော နေရာမှ တည်ရှိနေပေသည်။ သို့မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှု ရရှိလာစေပြီး နောက်ဆုံးတွင် စစ်တပ်မှ ဦးဆောင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အား ပြုပြင်ပြောင်းလဲရေး များ ဖြစ်ပေါ် လာပေမည်။ ထို့ အတွက် မြန်မာ အစိုးရ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင် တဦးကဲ့သို့ ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာစစ်တပ်အား ပရိုဖက်ရှင်နယ် တပ်မတော် အသွင် ပေါ်ထွန်းလာစေရေး ကူညီလေ့ကျင့်ပေးရန် အမေရိကန်၏ အကူအညီကို ရယူသင့်ပေသည်။
အမေရိကန် အနေဖြင့် ၂၀၁၃ တွင် မြန်မာနှင့် သံတမန် ဆက်ဆံရေး အပြည့်အ၀ ပြန်လည်ထူထောင်ခဲ့ပြီး စီးပွားရေး ဒဏ်ခတ်မှု အားလုံးနီးပါးအား ဖယ်ရှားပေးခဲ့ပြီ ဖြစ်သော်လည်း အမေရိကန် ကွန်ဂရက်မှ ပြဌာန်းထားသော မြန်မာပြည်ဆိုင်ရာ ဥပဒေများကြောင့် အမေရိကန် စစ်တပ်အနေဖြင့် မြန်မာ တပ်မတော်နှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နိုင်ခွင့် မရ ဖြစ်နေရပေသည်။ ထိုအထဲတွင် မြန်မာတပ်မတော်အား အကူအညီပေးရေး နှင့် စစ်တပ်အသွင် ပီသအောင် အရာရှိများကို ပညာပေးရေးတို့ ပါဝင်နေသည်။ ၂၀၀၈ ခုနှစ် တွင် ပြဌာန်းခဲ့သော JADE (Junta Anti-Democratic Efforts) ဥပဒေတွင် မြန်မာ စစ်တပ်အား စစ်ရေး လေ့ကျင့် သင်တန်း များ ပေးရန် အစိုးရ ရံပုံငွေ သုံးစွဲခြင်းအား တိတိကျကျ တားမြစ်ထားသည်ကို တွေ့ရသည်။
ထိုကဲ့သို့ အခက်အခဲများ ရှိနေသော်လည်း မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် ပင်တဂွန် နှင့် နီးနီးကပ်ကပ် စစ်ရေး အရ ဆက်ဆံသွားရန် လိုလားနေကြသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၂ ခုနှစ်မှ စ၍ တပ်မတော်မှ လူ့အသက် အန္တရာယ် မထိခိုက်နိုင်သော နယ်ပါယ်များ ဖြစ်သည့် ဆေးပညာ နှင့် ပရိုဖက်ရှင်နယ် စစ်တပ် ဖြစ်ပေါ်ရေး ပညာပေး အစီအစဉ်များ ကူညီလေ့ကျင့်ပေးရန် အမေရိကန် အား ချည်းကပ်ခဲ့ကြပြီး ဖြစ်သည်။ လက်ရှိ အမေရိကန် ဥပဒေများအရ အမေရိကန် အနေဖြင့် ထိုကဲ့သို့ မပြုလုပ်ရန် တားမြစ်ထားသော်လည်း မြန်မာနိုင်ငံ၏ အရပ်သား အစိုးရမှ သံတမန် လမ်းကြောင်းမှ တဆင့် တရားဝင် အကူအညီ တောင်းလာပါက ကွန်ဂရက်မှ ကောင်းမွန်စွာ လက်ခံ စဉ်းစားပေးကောင်း ပေးနိုင်ပေမည်။
နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခင် အမေရိကန် အစိုးရ လက်ထက်မှာကဲ့သို့ တက်ကြွမှု မရှိတော့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အ၀ါသည် ၀ါရှင်တန် တွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်၍ သူမအနေဖြင့် အချို့မူဝါဒ များကို ချွင်းချက် ဖြင့် ခွင့်ပြုပေးရန် တောင်းဆို၍ ရနိုင်ပေသည်။ ရခိုင်ကိစ္စတွင် နာမည်ပျက်မှု အချို့ ရှိခဲ့သော်လည်း သူမ အနေဖြင့် ကွန်ဂရက်၏ ထောက်ခံမှု ရရန် စည်းရုံးနိုင်သော သြဇာ အာဏာ ရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ရီပါတ်ဘလီကင် ဆီးနိတ် လူများစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနဲလ်မှ နိုင်ငံခြားရေး ၀န်ကြီး ရက်စ် တီလာဆန် နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ရာတွင် Don't forget about Burma ဟု ပြောခဲ့ပေသည်။ တီလာဆန် ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဂျွန်လ ကုန်ပိုင်းက တယ်လီဖုန်း ဖြင့် စကားပြောခဲ့ပြီး ယခုနှစ် အကုန်ပိုင်းလောက် အမေရိကန်ကို လာပါရန် ဖိတ်ကြားခဲ့ပေသည်။
အမေရိကန် အနေဖြင့် လည်း မြန်မာ အနေဖြင့် ၎င်းတို့အကူအညီတောင်းသည့် ကိစ္စများအား ကူညီရန် သင့်လျော်သော နိုင်ငံ ဖြစ်နေပြန်သည်။ ထို့အပြင် အမေရိကန်၏ Expanded International Military and Education Training (E-IMET) အစီအစဉ် ရံပုံငွေ ဖြင့် နိုင်ငံပေါင်းများစွာကို အကူအညီပေးခဲ့သည့် အတွေ့အကြုံများ ရှိခဲ့ပြီးလည်း ဖြစ်သည်။ ထိုအစီအစဉ်များတွင် ကာကွယ်ရေး အရင်းအမြစ်များကို သင့်လျော်စွာ စီမံခန့်ခွဲ သုံးစွဲနိုင်ရေး၊ နိုင်ငံတကာ မှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ စစ်ဖက်တရားစီရင်မှု တိုးတက်လာရေး၊ စစ်ဖက်ကို အရပ်သား ထိမ်းချုပ်မှု သဘောကို နားလည်လာစေရေး များ ပါဝင်နေပေသည်။ ထိုကဲ့သို့ E-IMET ရံပုံငွေ ဖြင့် သုံးစွဲ နိုင်ရန် ကွန်ဂရက် ၏ အတည်ပြုချက် ရရှိဖို လိုအပ်နေသည်။ ကွန်ဂရက်မှ အဆိုပါ နိုင်ငံ၏ အခြေအနေများကို နှစ်စဉ် သုံးသပ်ပြီး လိုအပ်သလို ဆက်လက် ပြုလုပ်ခွင့် ရပ်ဆိုင်းခွင့် အမိန့်များ ထုတ်ပြန်နိုင်သည်။


အင်ဒိုနီးရှားစစ်တပ်
E-IMET အစီအစဉ် ဖြင့် အောင်မြင်ခဲ့မှုများတွင် အထင်ရှားဆုံးသည် အင်ဒိုနီရှားပင် ဖြစ်ပေသည်။ ဗိုလ်ချုပ်ကြီး ဆူဟာတို သည် စစ်တပ်ထောက်ခံမှုပေးထားသော အာဏာရှင် စနစ်ဖြင့် တိုင်းပြည်အား ၁၉၆၆ မှ ၁၉၉၈ အထိ အုပ်ချုပ်သွားခဲ့သည်။ ယနေ့ မြန်မာပြည်မှာကဲ့သို့ပင် အင်ဒိုနီရှား စစ်တပ်သည်လည်း ဥပဒေပြု လွှတ်တော်တွင် ကိုယ်စားလှယ်များ ထားရှိခဲ့သည်။ အမေရိကန်မှ အင်ဒိုနီရှား စစ်တပ်အရာရှိ ရာပေါင်းများစွာကို E-IMET အစီအစဉ် ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ဒီမိုကရေစီ စစ်တပ် သဘောသဘာဝ ကို ထိတွေ့ သိရှိခွင့် ရလာခဲ့မှုကြောင့် ဒီမိုကရေစီ အကျိုး ဖြစ်ထွန်းမှုကို သဘောပေါက်ခဲ့ကြပြီ့း ၂၀၀၄ တွင် လွှတ်တော်မှ အပြီးအပိုင် ထွက်ခွာ သွားခဲ့ကြပေသည်။
ထိုကဲ့သို့ ထွက်ခွာနိုင်ရေးတွင် အဓိက နေရာမှ ပါဝင်ခဲ့သူသည် ဒုတိယ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) အာဂပ်စ် ၀စ်ဂျိုဂျို ပင် ဖြစ်သည်။ ၎င်းသည် ၁၉၈၈ တွင် အမေရိကန်ကြည်းတပ်၏ ကွပ်ကဲရေး နှင့် စစ်ရေးချုပ် ကောလိပ်တွင် တက်ရောက်သင်ကြားခဲဖူးပြီး ၁၉၉၄ တွင် အမေရိကန် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့သူ ဖြစ်သည်။ ၎င်းက "အင်ဒိုနီရှား၏ ဒီမိုကရေစီ ဖြစ်ထွန်းရေးတွင် IMET သည် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည်လည်း အလားတူ ဖြစ်သင့်သည်" ဟု တခါက ပြောကြားခဲ့ဖူးသည်။ ပြီးခဲ့သည့် အပါတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖိုရမ် ကို ၎င်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး ထိုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပေသည်။
.
.
လောလောဆယ်တွင် မြန်မာ အနေဖြင့်
E-IMET ရံပုံငွေ လက်ခံ မရရှိနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ လာမည့် ၀ါရှင်တန် ခရီးစဉ်တွင် တောင်းဆိုနိုင်ပေသည်။
ခွင့်ပြုချက်ရရှိပါက မြန်မာ တပ်မတော်အရာရှိ များ၊ ကာကွယ်ရေးဖက်ဆိုင်ရာ အရပ်ဖက် အရာရှိ အများအပြား အနေဖြင့် ဟာဝိုင်အီရှိ လုံခြုံရေး ဆိုင်ရာ လေ့လာမှု အာရှ-ပစိဖိတ် စင်တာ တွင် တက်ရောက်သင်ကြားခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် IMET တွင် မပါဝင်သော အခြား ပရိုဂရမ်တခု ဖြစ်သည့် U.S. State Partnership Program တွင် ပါဝင်ခွင့်ရရန် တောင်းဆိုနိုင်ပေသေးသည်။ ထိုပရိုဂရမ်အရ မြန်မာတပ်မတော်အရာရှိ အများအပြားအနေဖြင့် အမေရိကန်ရှိ State National Guard တပ်များနှင့် ထိတွေ့ဆက်ဆံခွင့်ရရှိလာမည် ဖြစ်သည့်အပြင် အမေရိကန် ပြည်တွင်းရှိ သင်တန်း အမျိုးမျိုးကိုလည်း တက်ရောက်ခွင့်ရရှိလာကာ စစ်ဖက်အား အရပ်ဖက် ထိမ်းချုပ်မှု ၏ အရေးပါပုံ နှင့် နိုင်ငံတကာ စံနှုန်းများ လိုက်နာရေး တို့တွင် ပူပူနွေးနွေး အတွေ့အကြုံများ ရရှိလာနိုင်မည် ဖြစ်သည်။
အမေရိကန် အနေဖြင့်လည်း မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရှိနေစေရေး အကူအညီပေးရန် ထိတွေ့ ဆက်ဆံဖို့လိုနေပေသည်။ သို့အတွက် မြန်မာ ပြည်အား IMET ရံပုံငွေ ချပေးရန် လည်း လိုအပ်ပေသည်။ မြန်မာအရေး လေ့လာစောင့်ကြည့်သူ အချို့မှ ထိုကဲ့သို့ တွေးတောမှု မရှိကြသည်မှာလည်း နားလည်နိုင်ပါသည်။ ၎င်းတို့အနေဖြင့် အမေရိကန် စစ်တပ်မှ မြန်မာအား လက်ကမ်းစရာ မလိုပဲ နိုင်ငံရေး အရှိန်အ၀ါ ကို သုံးပြီး မြန်မာ စစ်တပ်ကို ဖိအားပေးရမည်ဟု ယူဆထားခဲ့သူများလည်း ဖြစ်သည်။ အချို့ကလည်း အမေရိကန်ထံမှ လေ့ကျင့်သင်ယူမှုများဖြင့် နိုင်ငံသားများအပေါ် ပြန်လည် အသုံးချလာမည့် အရေးကိုလည်း စိုးရွံ့မှုများ ရှိနေဆဲ ဖြစ်သည်။
ထို့အတွက် မိမိတို့ ပြောလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူအသက်အန္တရာယ် မထိခိုက်နိုင်သော လေ့ကျင်သင်ကြားပေးမှု ပြုလုပ်ရန် တောင်းဆိုသင့်ပေသည်။ အလယ်အလတ် မြန်မာ စစ်အရာရှိများအား ဒီမိုကရေစီ တန်ဖိုးများ၊ နိုင်ငံတကာ စံနှုန်းများ နားလည်လာစေခြင်းဖြင့် နောက်ပိုင်းတွင် မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များ ပေါ်ထွန်းလာမည် ဖြစ်ပေသည်။
ထို့အပြင် ဒီမိုကရေစီ လူ့ဘောင်တွင် လွတ်လပ်သော မီဒီယာ ရှိရမည်ဆိုသည့် သဘောတရား ကို တပ်မတော်အနေဖြင့် နားလည် ပိုက်ထွေးလာရန်လည်း အထောက်အပံ့ ပေးနိုင်အုန်းမည် ဖြစ်ပေသည်။ ထို့အပြင် ရခိုင်ပြည်နယ် အခြေအနေတွင် လုံခြုံရေး တပ်ဖွဲ့များ ပါဝင်ပါတ်သက်မှုကြောင့် ဖြစ်ပေါ်လာရသော အငြင်းပွားမှုများကို လေ့လာ ဆန်းစစ်ရန် ကုလသမဂ္ဂ၏ မကြာမီက တောင်းဆိုချက်အားလည်း ကြိုဆို သင့်ကြောင်း သိရှိလာမည် ဖြစ်သည်။
ထရန့် အစိုးရအနေဖြင့်လည်း အရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ရင့်ကျက် ခိုင်မာလာစေရန် အာရုံစိုက်သင့်ပြီး ကွန်ဂရက် အနေဖြင့်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းလာသော နိုင်ငံများအား အကူအညီပေးခဲ့ဖူးသည့် အစဉ်အလာအတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အား ပရိုဖက်ရှင်နယ် ဖြစ်လာစေရေး တောင်းဆိုချက်ကို လိုလိုလားလား လိုက်လျောသင့်လှပေသည်။
တပ်မတော် အနေဖြင့် လည်း အရပ်ဖက် ထိမ်းချုပ်မှု အောက်တွင် ရှိနေမှုကို လက်ခံပြီး လူ့အခွင့်အရေး နှင့် နိုင်ငံတကာ စံနှုန်းများ လေးစားလိုက်နာလာခြင်းဖြင့် သာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဖိုးမဖြတ်နိုင်အောင် ၀င်ရောက် ကူညီပေးခြင်းမျိုး ဖြစ်ပေလိမ့်မည်။

Reference: 
https://www.facebook.com/soewai66/posts/1392911280828542
 မြန်မာ-အမေရိကန် တပ်မတော်၂ခု နီးစပ်လာချိန် တရုပ်က ဘယ်လိုတုံ့ပြန်မည်နည်း...
ယခုဆောင်းပါးတွင် တရုပ်ကဏ္ဍ ရေးသားမထားပါ...။ အထူးသဖြင့် ကချင်ပြည်နယ်သည် တရုပ်နှင့်အမေရိကန်တို့ ပြိုင်ဆိုင်မှုကြောင့် စစ်ပွဲများ မငြိမ်းချမ်းနိုင် ၏ အကြောင်းတစ်ခု ဖြစ်နေရသည်။