နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မည်သည့် အလုပ်မျိုးလုပ်လုပ် နိုင်ငံတစ်နိုင်ငံတွင် ကိုယ့်အချင်းချင်း စည်းစည်းလုံးလုံး လုပ်ပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ပြည်တွင်းအင်အားကို ယှဉ်နိုင်သည့် ပြည်ပအင်အားဆိုတာ ဘာမှမရှိဘူးဟု ယုံကြည်ပါကြောင်း။
ပြည်ထောင်စုအကျိုးအတွက် ၀ိုင်းဝန်းပံ့ပိုးချင်သည့် စိတ်ရှိခြင်းအတွက်  ၀မ်းသာပါကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များ က အခမ်းအနားမစခင်တွင် တင်ပြထားတာအချို့ရှိသည်ဟု နားလည်ပါကြောင်း၊ တင်ပြထားသည်များကို မိမိအနေဖြင့် စိတ်လည်းဝင်စားပါကြောင်း၊ ကောင်းလည်းကောင်းသည်ဟု ထင်ပါကြောင်း၊ ဥပမာ ရခိုင်ပြည်နယ် ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များ ရှိပါကြောင်း၊  ယင်းမှာ အလွန်ကောင်းသည့် အကြံပြုချက်ဖြစ်ပါကြောင်း၊  အသေးစိတ်ကို မိမိတို့ဆွေးနွေးပြီး အစီအစဉ်ချရမည် ဖြစ်ပါကြောင်း။
မြန်မြန်ဆန်ဆန် တိုးတက်မှုရရန် လိုအပ်ပါကြောင်း၊ စိတ်တက်ကြွစွာ လုပ်စေချင်ပါကြောင်း၊ နောက်တစ်ခုက မိမိတို့နိုင်ငံ၏ ကိစ္စကို အားလုံးဝိုင်းလုပ်နိုင်သည် ဆိုသည်ကို  သိစေချင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ မချမ်းသာသော် လည်း တခြားအင်အားများရှိသည်ကို ရှင်းရှင်းလင်းလင်းပြနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “အင်အားရဲ့ အဓိကအင်အားကတော့ ပူးပေါင်းဆောင်ရွက်ခြင်းပါ၊ ကျွန်မတို့ စီစဉ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပွင့်ပွင့်လင်းလင်းနဲ့ အကြံဉာဏ်ပေးစေချင်ပါတယ်။ အကြံပြုချက် အားလုံးဆိုတာကတော့ အကောင်အထည်ဖော်ဖို့ လက်တွေ့ကျမှာ မဟုတ်ဘူး။ ဒါပေမယ့် အသင့်တော်ဆုံး တွေကို  ရွေးပြီးတော့လုပ်ရမှာပါ။ နောက်တစ်ခုက ဦးစားပေးလုပ်ငန်းတွေ ဘာတွေဖြစ် မလဲဆိုတာ အားလုံးသိအောင် ရှင်းပြသွားပါမယ်။ ဦးစားပေးလုပ်ငန်းတွေဆိုတာဟာ ရေတိုမှာလည်း အသီးအပွင့်တွေကို မြင်နိုင်တဲ့ဟာတွေကို ရွေးရမယ်။ တချို့ကလည်း ဆက်ပြီးတော့ ရေရှည်သွားနိုင်ဖို့ အခုကတည်းက စရမယ့်ဟာတွေလည်းရှိပါတယ်။ ဒါတွေကို ကျွန်မတို့အားလုံးဟာ လူမှုရေးဘက်ကရော၊ စီးပွားရေးဘက်ကရော၊ နိုင်ငံရေးဘက်ကရော သုံးဘက်စလုံး ကနေ ကြည့်ပြီးတော့ ကျွန်မတို့ရွေးရမယ်။
"ဥပမာအားဖြင့်ဆိုရင် ပြန်လည်ထူထောင်ရေးဆိုတာဟာ ပျက်စီးသွားတဲ့အရာ တွေပြန်လည်တည်ဆောက်မယ်ဆိုတာ ဒီဟာက လူမှုရေးအရ လိုအပ်တယ်၊ နိုင်ငံရေးအရလည်း လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ဒီလိုပျက်စီးမှုတွေကို  မကြိုက်ဘူး။ နိုင်ငံမှာ ဥပဒေမဲ့လုပ်ရပ်တွေရှိရင် ဥပဒေရဲ့အကျိုးဆက်တွေကို ခံရမှာ ဖြစ်သလို  ကျွန်မတို့က တာဝန်ယူတယ်ဆိုတာကိုလည်းပြဖို့လိုပါတယ်။ နိုင်ငံရေးအရ ပြန်လည်ပြီးတော့ ပြုပြင်သွားဖို့ရှိပါတယ်။ စီးပွားရေးအရ လိုအပ်ချက်တွေလည်း ရှိပါ တယ်။
“ပုံမှန်အလုပ်တွေပြန်လုပ်နိုင်မှသာ စီးပွားရေးယန္တရား လည်ပတ်မှာဖြစ်ပါတယ်။ စီးပွားရေးယန္တရားလည်တဲ့နေရာ မှာလည်း  အရင်ယန္တရားအဟောင်းကြီးကိုပဲ ပြန်လည် လုပ်ဖို့မလိုပါဘူး။ ယန္တရားအသစ်တွေကိုလည်း စီးပွားရေး လုပ်ငန်းရှင်တွေ အတွေးအခေါ်နဲ့ ပြုပြင်နိုင်မယ်လို့ ထင်ပါတယ်။ အနာဂတ်ကိုကြည့်ပြီးတော့ ဘယ်လိုဘက်ကို ဖြည့်ဆည်းပေးဖို့ လိုမလဲဆိုတာကို အားလုံးညီညီညွတ်ညွတ်နဲ့ ၀ိုင်းပြီးတော့ ဆွေးနွေးစေချင်တယ်”ဟု ပြောကြား သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ရခိုင်ပြည်နယ်အတွက် ဘယ်ဒေသမှာ ဘယ်လုပ်ငန်းရှင်များ ပါဝင်မလဲဆိုပြီး  ကောင်းသည့်ပြိုင်ဆိုင်မှုကို အားပေးမည်ဖြစ် ပါကြောင်း၊ မြန်မြန်ဆန်ဆန် ကူညီပြီး မြန်မြန်ဆန်ဆန်အောင်မြင်စေချင် ပါကြောင်း၊ မိမိတို့နိုင်ငံအတွက်၊ ဒေသအတွက်သာမက  လုပ်ငန်းရှင်များအတွက်လည်း ရေရှည်တွင် အများကြီး အကျိုးရှိနိုင်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်းအားဖြင့် အားလုံးအတွက် တိုးတက်မှုရှိမည်ဖြစ်ပါ ကြောင်း။
အားလုံးပါဝင်ပြီး အကောင်အထည်ဖော်မည့် စီမံကိန်းလိုပဲ ဖြစ်စေချင်ပါကြောင်း၊ ပိုက်ဆံက အရေးကြီးသည် ဆိုသော်လည်း ကျွမ်းကျင်မှုပိုလိုအပ်ပါကြောင်း၊ ပိုက်ဆံကို ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်လျှင် အဟောသိကံ ဖြစ်သွား နိုင်ပါကြောင်း၊  မိမိတို့စီး ပွားရေး လုပ်ငန်းရှင်များသည်  အနာဂတ်ကို တွက်ချက်နိုင်သော အောင်မြင်သည့်   စီးပွားရေး လုပ်ငန်းရှင်များဖြစ်ပြီး အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်သည် အနာဂတ် ဈေးကွက်ကို နားလည်ရပါကြောင်း၊  ဤစီမံကိန်းသည် ပထမဦးဆုံး စမ်းသပ်သော စီမံကိန်းဟုလည်း ယူဆလို့ရပါကြောင်း၊ ဘာဖြစ်လို့လဲဆိုလျှင် တိုးတက် အောင်မြင် အောင်လုပ်ရန် ကိစ္စအများကြီးရှိပါကြောင်း၊  ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုကိုတွဲပြီး အကောင်အထည် ဖော်ရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ယခုအခြေအနေတွင် အခက်အခဲဆုံးနေရာ ဖြစ်ပါကြောင်း၊  နိုင်ငံတကာ ၏ အာရုံစိုက်မှု အင်မတန်မှများပါကြောင်း၊ များသည့်အတွက်လည်း ပိုပြီးလုပ်ရကိုင်ရခက်ခဲသည့် အခြေအနေ ရှိပါကြောင်း။
မိမိတို့အကူအညီတောင်းသည်မှာ ငွေရေးကြေးရေးအရ ရုပ်ပိုင်းဆိုင်ရာ အကူအညီထက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်၊ စေတနာ၊ ဉာဏ်ပညာနှင့် နောင်အနာဂတ်ကို မှန်းဆပြီး အရည်အချင်းများနှင့် လုပ်တာပဲ ဖြစ်စေချင်ပါကြောင်း၊  ပူးပေါင်းပြီး ဆောင်ရွက် စေချင်ပါကြောင်း၊  မိမိတို့နိုင်ငံတွင် ပြည်သူနှင့် အစိုးရနှင့်ချမ်းသာသည့် လုပ်ငန်းရှင်ကြီး များကြားတွင် ရှိသင့်သလောက် စည်းလုံးညီညွတ်မှု မရှိခဲ့ပါကြောင်း၊ စည်းလုံးညီညွတ်မှုကိုလည်း ဖြစ်စေချင်ပါ ကြောင်း၊ အင်အားသုံးခုကို စုစည်းပြီး ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုစီမံကိန်း အောင်အောင်မြင်မြင် လုပ်ခြင်း အားဖြင့် အနာဂတ်ပြည်ထောင်စုအတွက် ခိုင်မာသည့် အုတ်မြစ်ချသော လုပ်ငန်းဟု ယူဆပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ကမ္ဘောဇ ကုမ္ပဏီလီမီတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကျပ်သိန်း ၃၀၀၀၀၊ Mandalay Business Capital City Development (MBCCD) နှင့် စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ကျပ်သိန်း ၁၅၀၀၀၊ အေဒင်အုပ်စုကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ကျပ်သိန်း ၁၀၀၀၀ (ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ လယ်ယာသုံးပစ္စည်းများ)၊ အေးရှားဝေါလ်ကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းမြင့်နိုင်က ကျပ်သိန်း ၁၀၀၀၀၊ ယုဇနကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဌေးမြင့်က ကျပ်သိန်း ၁၀၀၀၀၊ ဇေကမ္ဘာ ကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးခင်ရွှေက ကျပ်သိန်း ၁၀၀၀၀၊ တော်ဝင်မိသားစုကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကိုကိုထွေးက ကျပ်သိန်း ၁၀၀၀၀၊ IBTC မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်က ကျပ်သိန်း ၁၀၀၀၀ (IBTC ကုမ္ပဏီက ကျပ်သိန်း ၅၀၀၀ နှင့် ဦးအောင်မိုးကျော် မိသားစုက ကျပ်သိန်း ၅၀၀၀)၊ ရွှေသံလွင် ထရေးဒင်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ကျပ်သိန်း ၁၀၀၀၀၊ မက်စ်အုပ်စုကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်က ကျပ်သိန်း ၁၀၀၀၀၊ ယူနိုက်တက် အမရဘဏ် ဥက္ကဋ္ဌ ဦးနေအောင်က ကျပ်သိန်း ၁၀၀၀၀၊ သမ၀ါယမဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်း ၅၀၀၀၊ အောင်မြင်သူကုမ္ပဏီများအုပ်စု အုပ်ချုပ်မှုဒါရိုက်တာ ဦးလှမျိုးက သိန်း ၄၀၀၀ တန်ဖိုးရှိဘိလပ်မြေအိမ်များ နှင့် Auspicious Millennium Trading Co. Ltd ဥက္ကဋ္ဌ ဦးစောငြိမ်းက ကျပ်သိန်း ၃၀၀၀၊ Alpine ကုမ္ပဏီ လီမိတက် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ စိုင်းဆမ်ထွန်းက ကျပ်သိန်း ၃၀၀၀၊ ဦးဇေသီဟ- ဒေါ်နန္ဒာလှိုင်မိသားစုက ကျပ်သိန်း ၃၀၀၀၊ ဦးတိုးနိုင်မန်း – ဒေါ်ဇေဇင်လတ် မိသားစုက ကျပ်သိန်း ၃၀၀၀၊ Yangon Crown Co.Ltd က ကျပ်သိန်း ၃၀၀၀၊ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန် က ကျပ်သိန်း ၃၀၀၀၊ ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ကျပ်သိန်း၂၀၀၀၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ကျပ်သိန်း ၁၀၀၀၊ ရွှေတောင် အင်တာ နေရှင်နယ် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ   ဦးအောင်ဇော်နိုင်က ကျပ်သိန်း ၁၀၀၀ ၊ Myanmar Agri Business in Public Corporation မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင်က ကျပ်သိန်း ၅၀၀၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းက ကျပ်သိန်း ၅၀၀နှင့် ထူးကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ ဦးတေဇက ကျပ်သိန်း (၁၀၀၀၀)တို့ကို ပေးအပ် လှူဒါန်းရာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီးများ၊ အလှူငွေလှူဒါန်းကြသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် အလှူရှင် (၂၄) ဦးတို့က ငွေကျပ်သိန်းပေါင်း (၁၇၇၀၀၀) ကို လှူဒါန်းခဲ့ကြသည်။
အလှူငွေပေးအပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဦးခင်မောင်တင်၊ UEHRD မှ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD မှ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်၊ တာဝန်ရှိသူများနှင့် အလှူရှင်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD ) အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်း အမှတ် EDU 600002 (US$ Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: EDU 600002) နှင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်းအမှတ် CF-003434 (Myanmar Kyat Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: CF-003434) တို့ ဖွင့်လှစ် ထားသည်။
၎င်းအပြင် အများပြည်သူများ အလွယ်တကူ ဆက်သွယ် လှူဒါန်းနိုင်ရန်အတွက် ဧရာဝတီဘဏ်။ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တို့တွင် လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ငွေစာရင်းအမှတ်များကို ဆက်လက်ထုတ်ပြန် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

via Myanmar Info Minst http://ift.tt/2xbJVg0 http://ift.tt/1KnLGaX

Leave a Reply