Death sentence, helping in Nargis area and Valentine’s Day


သေဒဏ်၊ နာဂစ် ကူညီမှု၊ ချစ်သူများနေ့
ကိုဝင်း
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁
ဇော်သက်ထွေး (photo:irrawaddy)

ဒီနေ့ ချစ်သူများနေ့။
ချစ်သူများနေ့မှာ မိသားစုနဲ့ ဝေးကွာနေသူတယောက်အကြောင်း။

“ကားလမ်း မပေါက်ဘဲနဲ့ ရွှံ့ဗွက်တွေကြားထဲက သွားရတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာလေးကျတော့ ဒီက ရန်ကုန်က သွားလှူတဲ့လူတွေလည်း မသွားနိုင်ဘူး” ဆိုပြီး ၂၀၀၈ နာဂစ်ဒေသ အကြောင်း ပြောသွားသူကတော့ ဇော်သက်ထွေး ဖြစ်ပါတယ်။ ဒီလိုပြောပြီး သိပ်မကြာခင်မှာ အာဏာပိုင်တို့က သူ့ကို ဖမ်းပြီးတော့ ပုဒ်မမျိုးစုံနဲ့ ထောင် ၁၉ နှစ် ချလိုက်တယ်၊ နောက်ပိုင်း ၈ နှစ် လျှော့ပေးတယ် တဲ့။

ကျနော် သူ့ကို မမြင်ဖူးပါဘူး။ ၂၀၀၄ နှစ်ဆန်းပိုင်း AAPP ရုံးရောက်လာတဲ့ တရားရုံး မှတ်တမ်းတခုမှာ သူ့ကို သေဒဏ် စီရင်ချက် ချထားတယ် ဆိုတာ ဖတ်မိရာကနေ သူ့နာမည်ကို အစပြု ကြားမိပါတယ်။ အမှုက ပြည်ပ မိတ်ဆွေတယောက်နဲ့ ဖုန်း အဆက်အသွယ်လုပ်မှု။ အံ့သြစရာ။ အမှုတွဲတွေက ILO နဲ့ဆက်သွယ်သူ ရှေ့နေဦးအေးမြင့်၊ ဗိုလ်ချုပ်ကြီးများကို လုပ်ကြံမယ် ဆိုတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ။ အမှုမှာ သက်သေခံပစ္စည်းတခုက “ILO အရာရှိရဲ့ လိပ်စာကတ်” ဆိုတော့ ILO သိအောင် လုပ်မှပဲ ဆိုပြီး ဘာသာပြန် ပို့ပေးလိုက်တယ်။

မကြာခင် အမှု ပြန်စစ်တယ်၊ သေဒဏ်တွေက ထောင်ဒဏ်တွေ ဖြစ်သွားတယ်။ ပြီးတော့ ပြန်လွတ်လာတယ်။

ဇော်သက်ထွေးက ၈ လေးလုံး နောက်ပိုင်း ဖွဲ့တဲ့ လူ့ဘောင်သစ်ပါတီမှာ လှုပ်ရှားတယ်၊ ဒါကြောင့် ထောင် ၃ နှစ် ချခံရဖူးတယ် တဲ့။ အခု သူ ရောက်နေတဲ့ အကျဉ်းထောင်ဟာ ရန်ကုန်မှာနေတဲ့ ဇနီး၊ သမီးငယ် တို့နဲ့ အလှမ်းကွာလွန်းတဲ့ တောင်ကြီးမြို့မှာပါ။ ဇနီးဖြစ်သူ ပြောပြတဲ့ သူတို့ရဲ့ ဘ၀ တစိတ်တဒေသကို ဒီလိုပါ။

“သမီးကို ဖေဖေ စာရေးပေး လိုက်တယ် တဲ့၊ လိမ်လိမ်မာမာနေ တဲ့၊ ပြန်လာရင် တိရစ္ဆာန်ရုံလိုက်ပို့မယ် တဲ့၊ ကျားကြီးတွေ ကြည့်မယ်၊ ဆင်ကြီးတွေ ကြည့်မယ်၊ သူ့သမီးက အဲဒါကို နှုတ်တိုက် ရွတ်နေတာပဲ” တဲ့။

ကိုးကားချက် DVB သတင်းများ (၁)(၂)

PPs in labour camps

နိုင်ငံရေးသမားနဲ့ ရဲဘက်

နိုင်ငံရေးအကျဉ်းသား တချို့ ရဲဘက်စခန်း ရောက်သွားတယ်။ ရဲဘက်စခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ?
စိုက်ပျိုးရေး ရဲဘက်စခန်းတွေမှာ လူတွေကို နွားနေရာမှာ အစားထိုးတယ်။ ထွန်တုံး ပခုံးပေါ်တင်ပြီး လယ်ထွန်ရတယ်။ နွားသေရင် ထုချေလွှာ ရေးပြီး အစီရင်ခံရမှာစိုးရိမ်လို့ လူတွေကို ပိုပြီး ခိုင်းတယ်လို့ အကျဉ်းဦးစီးအရာရှိတွေက ဆိုတယ် တဲ့။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလ အဖမ်းခံရသူ အများအပြား ရဲဘက်ကို ရောက်သွားကြတယ်။ ဒီနေ့မှာ ရဲဘက်ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ဘယ်လောက် ရှိမယ် မသိဘူး။ ရဲဘက်ကနေ အသက်ရှင်လျက် ပြန်ထွက်လာသူတွေထဲမှာ အထင်ရှားဆုံးက လူရွှင်တော် ပါပါလေး ဖြစ်ပါတယ်။ သူ့ပြောပြချက်ကို DVB က ၇-၈-၂၀၀၈ မှာ အခုလို အသံလွှင့်ခဲ့တယ်။

“ကျောက်တုံးပိတာတို့၊ ကျောက်မှန်တာတို့၊ တကယ်လက်တွေ့ပဲဗျာ။ ကျောက်လွှာတွေအပေါ်မှာ တက်သွားတယ်၊ မိုင်း ခွဲရတာပေါ့ဗျာ။ မိုင်းခွဲတော့ မိုင်းခွဲတဲ့ဒဏ်က ကျောက်တုံးတွေ ပိလာတယ်။ ကျောက်တုံး လိမ့်ကျလို့ ဖယ်ပါဖယ်ပါလို့ ခဏခဏ အော်တာဗျာ။ ကျနော်တို့မှာ ခြေကျဉ်းနဲ့ ဒေါက်နဲ့ပေါ့ဗျာ။ လမ်းသွားတာ ဒေါက်ခတ်ထားတယ်။ မချွတ်ရဘူး။ အလုပ် လုပ်လည်း အဲဒီတိုင်းပဲ။ ကျောက်ထု ကျောက်သယ်နဲ့ မှန် သေတာတွေက များတယ်၊ ယမ်းစိမ်းတွေကိုဗျ။ ခြေထောက်ကို ခိုက်မိရင်လည်း ယောင်လာတယ်။ ယမ်းစိမ်းတွေဆိုတော့ ပြည်တွေ ရှိတယ်။ အဲဒါတွေလည်း မကုရဘူး။ ဆေးကလည်း ဟန်ပြပဲဗျ။ ဒေါက်တာကလည်း လာတယ်သာ ပြောတာ၊ မကုရဘူး။ ကျနော် ကိုယ်တိုင်လည်း လွတ်အောင် ရှောင်ခဲ့ရတာပေါ့ဗျာ။ ကျနော်တို့ရှေ့တင် သေသွားတာတော့ တပတ်ကို နှစ်လောင်း၊ တခါတလေ သုံးလောင်း၊ အဲလို သေကြတယ်ဗျ။ —

အစားအသောက်ကလည်း ဆင်းရဲတယ်။ ငါးပိစိမ်းတွေပဲ စားရတာ။ အဲဒါတွေ သုံးရက်လောက် စားလိုက်ရင် ယားယံလာတယ်။ နောက် သွေးဝမ်းတွေ ကိုက်လာတယ်။ သွေးဝမ်း ကိုက်ပြီးတော့ ဒါနဲ့ သေကြတာ များတာပါပဲ။ ကျနော်တို့ (ရောက်ခဲ့တဲ့ ကချင်ပြည် ရဲဘက်စခန်း) ကျိန်ခရန်ခ မှာတော့ အဲလို အသေကို များခဲ့တယ်ဗျ။

အလုပ်ခိုင်းလို့ မလုပ်ဘူးဆိုလို့ရှိရင် ရိုက်တာများတယ်။ ကြိမ်နဲ့ ရိုက်တယ်။ အနည်းဆုံးတော့ သုံးချက်ပဲ။ ဒီအကျဉ်းသားတွေ ကိုယ်ချင်းစာတယ်။ ကိုယ်ကိုယ်နှိုက်ကလည်း သေလုမျောပါး လုပ်ခဲ့ရတာ ဆိုတော့လေ၊ မြန်မြန် လွတ်ပါစေ၊ မြန်မြန်လွတ်ပါစေလို့ ကျနော်တို့က ဆုတောင်းနေပါတယ်”

Ni Mo Hlaing

နာဂစ်ဒေသကို ကူညီသူ သရက်ထောင်ထဲက နီမိုလှိုင်
(FREED 12th OCT 2011)

ကျနော်တို့တွေ အင်တာနက်သုံး၊ ရုပ်ရှင်ကြည့်၊ မိတ်ဆွေများနဲ့ စကားပြောနေချိန်မှာ သရက်မြို့ အကျဉ်းထောင်ထဲက မနီမိုလှိုင် တယောက် ဒီအချိန် ဘာတွေ လုပ်နေမလဲ။
အုတ်နံရံ၊ သံတိုင်တွေကြားထဲ ရောက်နေတဲ့ သူ့အတွက်တော့ လုပ်စရာ အများကြီးရှိမယ် မဟုတ်ပါဘူး။

နီမိုလှိုင် ဆိုတာ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ကူညီနေတုန်း ထောင် ၅ နှစ် ချခံရတဲ့ သင်္ကန်းကျွန်းမြို့နယ်က လူငယ် တယောက်ပါ။
၂၀၀၇ ခုနှစ် လောင်စာဆီဈေး ကျဆင်းရေး လမ်းလျှောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူပါ။

“… … ကျနော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ၊ နောက်နောင် ကျနော်တို့လို အခြားအခြားသော ပုဂ္ဂိုလ်များ ထပ်မခံစားရအောင်ကတော့ ဒီနိုင်ငံနဲ့ အစိုးရနဲ့ ဒီ နိုင်ငံရဲ့  အုပ်ချုပ်ပုံ နည်းစနစ်ကြီး ပြောင်းသွားမှ ဖြစ်လိမ့်မယ်” လို့ ပြောခဲ့တဲ့ NLD အဖွဲ့ဝင်ပါ။
ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒီမိုကရေစီ ဘက်တော်သား၂၀၀၀ ကျော်ထဲက တယောက်ပါ။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ။

သူတို့ဆီကို တခါတရံ သွားတွေ့တဲ့ မိသားစုကို တိုက်ရိုက် သွားတွေ့ပြီး အားပေးစကားပြော၊ ထောက်ပံ့ ကူညီမလား။
အကျဉ်းသားများအရေး လုပ်ဆောင်နေသူတွေကတဆင့် ကူညီမလား။
သူတို့ လွတ်မြောက်ရေးအတွက် ကိုယ် ရောက်တဲ့နေရာမှာ လှုံ့ဆော်မလား။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ကြမလဲ။

ကိုဝင်း၊ နိုဝင်ဘာ ၁၄၊ ၂၀၁၀